နမ့်စန်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်စန်(တ) မတ် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က နမ့်စန်မြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြပေးရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ဘဏ္ဍာငွေရှာဖွေရရှိမှု အခြေအနေ၊ မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖိတ်ကြားရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဖျော်ဖြေရေးနှင့် ဖွင့်ပွဲပိတ်ပွဲ ဆောင်ရွက်မည့်အစီအစဉ်များ၊ ဧည့်ခံရေး၊ ရေရရှိရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ အန္တရာယ်ကင်းပရိတ်ရွတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပမည့် ကိစ္စရပ်တို့ကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က မဟာသင်္ကြန်ပွဲတော် လှပစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်း၍ လုပ်ငန်းအလိုက်အတည်ပြုချက်ရယူခဲ့ကြသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ စတင်၍ နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက် မြိုနယ်ခန်းမရှေ့တွင် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များ တည်ဆောက်ဖွင့်လှစ်၍ ဖွင့်ပွဲ၊ပိတ်ပွဲနှင့်ဆုပေးပွဲအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ နေ့စဉ်၊ ညစဉ် ဖျော်ဖြေရေး အဆိုအကများနှင့် စတုဒီသာအကျွေးအမွေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)