ဒဂုံ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ မြဝတီစက်သုံးဆီအရောင်းဆိုင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စက်သုံးဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် တင်မင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် စဝေဖြိုးစံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှုများမဖြစ်ပေါ်စေရန်၊ ကားများ ဆီဖြည့်ရာ၌ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရန်၊ စက်သုံးဆီများ ရောင်းချရာတွင် ပေပါ၊ ဘူး၊ ပုံးများဖြင့် ဝယ်ယူမှုများရှိပါက ရောင်းချမှုမပြုရန်၊ မော်တော်ယာဉ်တစ်စီးလျှင် တစ်နေ့ တစ်ကြိမ်သာရောင်းချရန်၊ အစိုးရသတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထားလိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)