မိုင်းကိုင် မတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ပရိယတ္တိစာပေတတ်မြောက်သည့် ရဟန်း/ရှင်သာမဏေများနှင့် စာပြပုဂ္ဂိုလ်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက်၊ ပရိယတ္တိနွေရာသီသင်တန်း(Summer School)ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်ကြားရေးဆရာဆရာမများနှင့် သင်တန်းသားရဟန်း၊ ရှင်သာမဏေများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ အောက်စဖို့စ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိထံမှ Summer School ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့်ဩဝါဒတရားတော် ဗီဒီယိုဖိုင်အားဖွင့်လှစ်နာကြားပြီးနောက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက မိုင်းကိုင်မြို့နယ်၏ Summer School ဖွင့်လှစ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မွေတော်တောင်ကျောင်း၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဆန္ဒာဓိက ကအဖွင့်ဩဝါစကားဟောကြားပြီး သင်ထောက်ကူပစ္စည်းများ လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ပရိယတ္တိနွေရာသီသင်တန်းသို့ ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း(၆)မြို့နယ်မှ ပညာတော်သင်ကြွရောက်ကြသော ရဟန်း/ရှင်သာမဏေ(၄၂)ပါးတို့ကို မတ်လ ၁၉ ရက်နေ့မှ မေလ(၁)ရက်နေ့အထိ (၄၅)ရက်တာ သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)