တောင်ကြီး မတ် ၁၉
ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်စိန်မြင့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့ရှောင်လမ်းပေါ်တွင် တည်ဆောက်မည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းစီမံကိန်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီး၊ တိုင်းဦးစီးချုပ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၊ ကုန်စည်ပို့ဆောင်ရေးအသင်းဥက္ကဋ္ဌများနှင့် ကုမ္မဏီတာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက်တိုင်များ စိုက်ထူပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ရှမ်းပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး(မွေးမြူရေးဇုန်)လမ်း၊ မိုင်တိုင်(၁၁/၇)နှင့် (၃၂/၂)ကြား ပြည်ထောင်စု (ပြင်ဆင်ထိန်းသိန်းခြင်း)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည့်နေရာ(အရှည်-၁၃၄ပေ၊ အကျယ် ၂၄ ပေ) အားကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် မိုင်တိုင်(၇/၇နှင့်၈/၀)ကြား ရှမ်းပြည်နယ်အစိုးရအဖွဲ့(အထွေထွေ)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည့်နေရာ (အရှည်-၃၀၀ ပေ၊ အကျယ်-၂၄ပေ)နှင့် မိုင်တိုင် (၄/၇နှင့် ၅/၀)ကြားရှိ မြင်ကွင်းကွယ်နေသော မျက်ကွယ်ကွေ့ ကျောက်ပုတ်တောင်ဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)