ပူတာအိုခရိုင်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန)သင်တန်းအခမဲ့ဖွင့်လှစ်

ပူတာအို မတ် ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် I.P.S.S Putao ကိုယ်ပိုင်မူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်(၁၈)ရက် ညနေ (၃)နာရီခွဲက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာတိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး I.P.S.S Putao ကိုယ်ပိုင်မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထက်အောင်ကျော်က အင်္ဂလိပ်စာ အသုံးဝင်ပုံနှင့်သင်တန်းတွင် သင်ကြားမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်များနှင့် အေးချမ်းသာယာပြည်မြန်မာရောင်စုံ ဓာတ်ပုံပြပွဲများကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀) ဦးတို့အား မတ်လမှဧပြီလအထိ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာရက်များတွင် နေ့စဉ်မွန်းလွဲ (၃) နာရီခွဲမှ (၅) နာရီအထိ သင်တန်းနည်းပြ ဆရာများက ပညာဒါနအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)