ရန်ကုန် မတ် ၁၉
သန်လျင်ခရိုင် သန်လျင်မြို့နယ် သာသနာနုဂ္ဂဟအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့သော လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီတွင် သန်လျင်မြို့ မြို့မတောင်ရပ်ကွက် ထန်းနှစ်ပင်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက နမောတသ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးသန်လျင်မြို့နယ် သာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါ်နန်းစန်းစန်းတင့်က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းသားမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ (ကိုယ်စား) ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ သန်လျင်မြို့နယ် သာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါ်နန်းစန်းစန်းတင့်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ထန်းနှစ်ပင်ကျောင်းအုပ်ဆရာမကြီးဒေါ် ယဉ်ယဉ်အေးထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၈) ရက်ကြာမြင်ခဲ့သည်။
သန်လျင်မြို့နယ် သာသနာနုဂဟအသင်းအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ရပ်ကွက်၊ ကျေးရွာများသို့ သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် သာသနာနုဂဟအသင်းဥက္ကဋ္ဌ ဒေါ်နန်းစန်းစန်းတင့်မှ သိရသည်။
ဖြိုးသီဟ