ချမ်းအေးသာစံမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ မတ် ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီး၊ ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ထပ်မံပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစံလင်းက မသန်စွမ်းသူများအတွက် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ မသန်စွမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)