နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲကျင်းပ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မတ် ၁၈

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ စနစ်ကျလယ်ယာမြေ၊ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်၊ ဆီဒါတို့ဖြင့် လက်တွေ့စိုက်ပျိုးခြင်း တောင်သူအသိပညာ‌ပေးတွေ့ဆုံပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာနေပြည်တော်ကောင်စီဝင်က ဒေသခံပြည်သူများ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများကို စနစ်တကျလိုက်နာအသုံးပြုခြင်းဖြင့် မိမိတို့တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်မီသောသီးနှံများရရှိကာ ဝင်ငွေတိုးပွားမည်ဖြစ်၍ ရေရှည်အကျိုးအတွက် ကြိုးစားဆောင်ရွက်နိုင်ရေးမှာကြားသည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေမှုများနှင့်  နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးနိုင်ဦးက စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများအား ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်ဦးဝင်းအောင်က စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများ လိုက်နာဆောင်ရွက်နိုင်သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူများက လိုအပ်ချက်များအားတင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများအား သွင်းအားစုများပေးအပ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများသည် ခရမ်းကိုင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၂၆၊ တောင်သူ ဒေါ်သင်းသင်းခိုင်နှင့် တောင်သူ ၄ ဦးတို့၏လယ်မြေ ၁၀ ဧကတွင် နှံကောက်နှင့် သက်တမ်းတိုဆင်း သုခစပါးမျိုးတို့အား ကောက်စိုက်စက်၊ ဆီဒါစက်များဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် အ.ထ.က(အေလာ)တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်‌ဆုံးနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များ အေးချမ်းစွာဖြေဆိုနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မှန်တောကျေးရွာအနီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လမ်း(မြေသား၊ရိစာ) လုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ညနေပိုင်းတွင် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိထင်ရှားကျော်ကြားသော တန်ခိုးကြီးဘုရား‌စေတီများဖြစ်သည့် စမတောင်‌စေတီတော်၊ ဖောင်တော်ချက်မစေတီတော် ဖောင်တော်ဦး စေတီတော်နှင့် ညီအစ်မကောင်းမှု စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဘုရားစေတီများ၏ပရဝုဏ်အတွင်း သန့်ရှင်းသာယာစေရေးနှင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းမြေ့စေရေး အစဉ်ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)