စစ်တွေ မတ် ၁၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ နွေရာသီလူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသင်တန်းများဖွင့်လှစ် သင်ကြားပေးနေမှုများကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မတ် ၁၆ ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားခန်းမ၌ဘော်လီဘော သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ ကစားသမားများက အခြေခံ လက်ပူးမ၊ လက်ဖျားတောက်ခြင်းတို့ကို ဘောလုံးမဲ့ ပြသခြင်း၊ အခြေခံလက်ပူးမကို ဘောလုံးဖြင့်သရုပ်ပြသခြင်းနှင့် ဘောလုံးရိုက်ခုတ်မှုတို့ကို သရုပ်ပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင်ပညာရေးမှူးရုံး၊ ပညာ ရောင်ခြည်ခန်းမ၌ အေရိုးဗစ် သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် သင်တန်းသူများက အေရိုးဗစ်အခြေခံ ကကွက်များဖြင့် သရုပ်ပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီး ဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းသား၊ သင်တန်းသူကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်အောင် ကြိုးစားသွား ရမည်ဖြစ် ကြောင်း၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်အားကစားသမားများ ဖြစ်လာရန်အတွက် မိမိတို့တတ်ကျွမ်းထားသည့် အားကစားနည်းများအလိုက် အမြဲတမ်းလေ့ကျင့်လေ့လာ သင်ကြားနေရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများက သင်တန်းအလိုက် သင်တန်းသား၊ သင်တန်းသူ များအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်းက လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံလုပ်ထုံးလုပ်နည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စံပြုလုပ်ထုံးလုပ်နည်းများကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ လူနေအိမ်ရာများ၊ စီးပွားရေးလုပ်ငန်းများအား အဆောက်အဦများ ဆောက်လုပ်၍ ကျူးလွန်ဆောင်ရွနေမှုများစွာတွေ့ရှိရကြောင်း၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းခြင်း မပြုမီကာလ ကျူးကျော်ဆောက်လုပ်မှုများနှင့် လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီး ကျူးလွန်ဆောင်ရွက် နေမှုများရှိနိုင် သကဲ့သို့ ကာလများစွာက ကျူးလွန်ဆောင်ရွက်နေမှုများလည်း ရှိနေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးမြေများ မဆုံးရှုံးစေရေး စိစစ်ကြပ်မတ်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကို လှပ်၍ အခြားနည်း အသုံးပြုနေခြင်းများ၊ အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းများကို ခွင့်ပြုသင့် မသင့် သေချာစိစစ်ကြရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသည် ဌာနဆိုင်ရာများမှ လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် ခွင့်ပြုမိန့်လျှောက်ထားမှုများနှင့် ပတ်သက်၍ တက်ရောက်လာကြသူများကလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆွေးနွေးဆုံးဖြတ်ရန်ရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ကပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး