လွိုင်လင် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ လွိုင်လင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လည် ၁နာရီက အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်တို့က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့်ဥပဒေသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်ရှိသည့်လုပ်ငန်းခွင်တွင် ကလေးအလုပ်သမားများ ခိုင်းစေခြင်းမပြုရပုံနှင့် လူကုန်ကူမှုအကြောင်းအရာများစသည်တို့အား အသိပညာပေးဟောပြောခဲ့ကြပြီး ပြန်လည်ဆွေးနွေးနိုင်သူများအား ဗလာစာအုပ်များ ဆုချီးမြှင့်ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လွိုင်လင်ခရိုင်အတွင်းရှိ ရပ်ကွက်နေ ကျောင်းသား/ကျောင်းသူ ကလေးသူငယ်(၆၀)ဦး တက်ရောက်ခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည်ရှုလေ့လာကြကြောင်း သိရသည်။
(ခရိုင်/ပြန်ဆက်)