မိုင်းဆတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ရေသန့်နှင့်မုန့်များ လှူဒါန်း

မိုင်းဆတ် မတ် ၁၇

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတ်မှတ်စာစစ်ဌာနများ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဆဌမနေ့ အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် ဆက်လက်ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မိုင်းဆတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မိုင်းဆတ်)စာစစ်ဌာန တစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး ဘာသာတွဲအလိုက် ကျောင်းသား(၁၀၅)ဦး၊ ကျောင်းသူ(၁၄၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၄၈)ဦး စာရင်းပေးသွင်းထားသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၁၃၅)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၂၃၅)ဦးရှိခဲ့သည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၄ ဒဿမ ၇၆ ရာခိုင်နှုန်းဖြစ်ကြောင်း အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား မတ်လ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ရေသန့်ဗူးများနှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)