ချမ်းမြသာစည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Coummity Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနုပညာအခြေခံ ကောင်းများရရှိစေရန်နှင့် ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ပန်းချီဆရာများက တစ်ဦးချင်း ကျောင်းသား/သူ လူငယ်များနှင့် မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် Myanmar Real News ကုမ္ပဏီမှ ဦးဝေလင်းမောင် ဇနီးဒေါ်နှင်းအိခိုင်၊ ဦးရဲမိုးအောင်တို့က အခြေခံပန်းချီသင်တန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဖိုးချစ် (တောင်ခြေ) နှင့် ဦးရွှေမော် (မြောက်ပြင်) တို့က အခြေခံပန်းချီရေးဆွဲနည်းကို သင်ကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပြသထားသော ကလေးအလုပ်သမားခိုင်းစေမှုလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား/သူ ၃၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလကို မတ်လ ၁၆ ရက်နေ့ မှ ၂၀ ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)