ရခိုင်ပြည်နယ် နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆွေးနွေး၊ စစ်တွေမြို့ဝင်မုခ်ဦး ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်း

စစ်တွေ     မတ်   ၁၆

နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ် ဥပဒေရေးရာ ပညာပေးသင်တန်းနှင့် ဥပဒေအသိပညာရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဥပဒေသည် နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံသားတိုင်းအတွက် အသက်သွေးကြောတစ်ခုဖြစ်၍ ပင်မထောက်တိုင်တစ်ခုဖြစ်သည်ကို အားလုံးအသိဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း လိုက်နာရမည့်တာဝန်များနှင့်ခံစားခွင့်ရရှိမည့် အခွင့်အရေးများကို ဥပဒေက သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဥပဒေများပါ တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ရေး ဥပဒေအသိ၊ ဥပဒေသတိအစဉ်အမြဲရှိရန် လိုအပ်သည့်အလျောက် ယနေ့ပြုလုပ်သည့်ဆွေးနွေးပွဲက များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာသည် ဘဝရှင်သန်နေသရွေ့ သိရှိထားရန်လိုအပ်သည့်အရာတစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြသော အရာရှိများအနေဖြင့် မိမိတို့သိသင့်သည့် ပြည်သူ့ဝန်ထမ်းနှင့် သက်ဆိုင်သော ရာဇဝတ်များ၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် လျှို့ဝှက်ချက်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာနိုင်ရေးအတွက် ဆွေးနွေးပို့ချမှုကို အာရုံစိုက်မှတ်သားကြစေလိုကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအလို့ငှာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိစွာဖြင့် မိမိတို့၏ တာဝန်ဝတ္တရာများကို ဦးလည်းမသုန်ကြိုးပမ်းဆောင်ရွက်နိုင်သော အရည်အသွေးရှိ အရာရှိများဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာဆည်ပူးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများရင်းအား ရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်တွေ မြို့ဝင်မုခ်ဦးဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့ဝင်မုခ်ဦးသည် မိုခါမုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့ရာ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်စေရန် မြို့ဝင်မုခ်ဦးအသစ်တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ဝင်မုခ်ဦးအသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး အတည်ပြုဒီဇိုင်း လုပ်ငန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို  ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု မြို့ဝင်မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်းသည် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မတ်(၂၇) ရက်တွင်ကျရောက်မည့် (၈၁) နှစ်မြောက်၊ တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်နိုင်ရေး ပြည်နယ်အဆင့်နှင့်လျော်ညီစွာ ခမ်းခမ်းနားနားဖြစ်စေရန် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက မြို့ဝင်မုခ်ဦးတည်ဆောက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြို့ဝင်မုခ်ဦး ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် မြို့ဝင်မုခ်ဦးလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်၊ ဓာတ်ပုံ- ဝင်းမင်းစိုး