ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သုံးခွမြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

သုံးခွ မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၇ လုံး အမိုးလန်ခြင်း၊ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက သဘာဝဘေးဖြစ်ပွားမှုနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ၆၁ သိန်းကျပ်နှင့် ဆန် ၂၀ အိတ် ၊ ဆီ ၄၂ ပိဿာ ၅၀ ကျပ်သား ၊ ကြက်ဥ အလုံး ၃၀၀ ၊ ခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ ၆ ဖာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံငွေကျပ် ၁၃၆၀၀၀၀/- (ကျပ်တစ်ဆယ့်သုံးသိန်းခြောက်သောင်းတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၄ ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၆ - ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးဖြေဆိုနေသည့် စာစစ်ဌာနများဖြစ်သော အ.ထ.က(၁)နှင့် အ.ထ.က(၂) စာစစ်ဌာနတို့တွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)