ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၂၈၃၇ ဦး ဖြေဆို

ချမ်းမြသာစည် မတ် ၁၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနနေရာများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုကြသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း၌ အ.ထ.က (၇)၊ အ.ထ.က(ခွဲ)လ (၁၃)၊ အ.ထ.က(ခွဲ)လ (၃)၊ အ.ထ.က(၃၀)၊ အ.ထ.က (၃၄)နှင့် အ.ထ.က (၂၈) စာစစ်ဌာန ၆ ခုရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၀၁၂ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၃၇ ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၅ ဦး၊ ရူပဗေဒဘာသာရပ်ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒဿမ ၃၅ ရာခိုင်နှုန်းနှင့် သမိုင်းဘာသာရပ်ဖြေဆိုမှုရာခိုင်နှုန်း ၈၆ ဒဿမ ၂၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ နေ့စဥ်စာမေးပွဲဖြေဆိုနေစဥ်ကာလအတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ကျောင်းပြင်ပ၌ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စာရေးကိရိယာများနှင့် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)