ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာ၌ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည် မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးအပြင် ကာလတိုသီးနှံများနှင့် ဈေးကွက်ဝင် ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သံရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကီလိုမာလကာပင်သည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းချရာတွင် ဖောက်သည်များမှ မာလကာခြံထဲအထိလာရောက်၍ အသီး အကြီးအသေးအပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ်(၈၀)မှ(၁၅၀)ကျပ်ဖြင့် နေ့စဉ်လာရောက်ဝယ်ယူကြောင်း၊ မိသားစုအပိုဝင်ငွေရရှိရေး (၆)နှစ်သက်တမ်းရှိ ကီလိုမာလကာ အပင်(၂၀၀) တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား သည့် ရွာသာအေးကျေးရွာမှ မာလကာခြံပိုင်ရှင် ဦးမြင့်ရီထံမှ သိရသည်။

မာလကာပင်များစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်စေရန်နှင့် အသီးလုံးလှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂)ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း(၁၅)ပေခန့်ခြားကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့်ပတ်ပေးရကြောင်းနှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)