နတ်မောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

နတ်မောက် မတ် ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဘုန်းမြင့်ထွန်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အသင်းအမှုဆောင်အဖွဲ့၏ တာဝန်ရှိတစ်ဦးက သမဝါယမအသင်း၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသင်းသားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အမှုဆောင်အဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာတင်ပြခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များဖတ်ကြားခြင်း၊ စာရင်းစစ်ဆေးရေးကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များ တင်ပြခဲ့ရာ တက်ရောက်လာကြသည့် အသင်းသားကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်းရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် အခြေခံ၍ အသင်းသားများအားအစုအပေါ်အမြတ်ငွေနှင့် လုပ်ငန်းသုံးစွဲမှုအလိုက် အကျိုးခံစားခွင့်များကို စနစ်တကျခွဲဝေပေးအပ်နိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း