အမရပူရ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ် မန္တလေး၏ (၂၂) ကြိမ်မြောက်နှင့် (၂၃) ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဆေးဝါးတက္ကသိုလ် မန္တလေး၏ ပါမောက္ခချုပ်(ပူးတွဲတာဝန်) ပါမောက္ခဒေါက်တာ မျိုးသက်တင်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာကျော်စိုး၊ ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်၌နေရာယူကြပြီးဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဠာန်ပြု ကတိသစ္စာရွတ်ဆိုကြသည်။
ထို့နောက် ပါမောက္ခချုပ်ကဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများထံ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များအပ်နှင်းပြီးဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယနေ့ ကျင်းပသည့် ဆေးဝါးတက္ကသိုလ်မန္တလေး၏ (၂၂) ကြိမ်မြောက်နှင့် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ရရှိသူ သုံးဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိသူ လေးဦး၊ ဆေးဝါးသိပ္ပံဘွဲ့ရရှိသူ ၁၂၉ ဦးနှင့် အဝေးရောက် ဘွဲ့ရရှိသူတစ်ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့ကြောင်း သိရသည်။ ဆေးဝါးတက္ကသိုလ် မန္တလေးမှ ယခုအချိန်ထိ ဆေးဝါးသိပ္ပံဘွဲ့ရရှိသူ ၁၈၄၀ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိသူ ၄၇ ဦး နှင့် ဆေးဝါး သိပ္ပံပါရဂူဘွဲ့ရရှိသူ ၁၁ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)