ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သင်္ဘောကျင်းအတွင်း မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၃) ရပ်ကွက်၊ ပို့ဆောင်ရေးနှင့်ဆက်သယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်ဝင်းဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းရှိ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးထွန်းမြင့်နှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင် (၁၃၀)ဦးတို့အား လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ် အားလုံးကို ဖျက်ဆီးပစ်နိုင်သော မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ပြည်သူများမှ  ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် မီးဖိုအသုံးပြုခြင်း၊ ဘုရားမီး/အမွှေးတိုင်မီးပူဇော်ခြင်း၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် စနစ်တကျ ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်ကျွမ်းမှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များနှင့် 191 Report Software တွင်ကျယ်စွာ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)