လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ရန်နိုင်အောင် မြတ်စွာဘုရား" အား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

လားရှိုး မတ် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ရန်နိုင်အောင် မြတ်စွာဘုရား" အား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးက “ရန်နိုင်အောင် မြတ်စွာဘုရား" အား ဆီမီး၊ အမွှေးတိုင်၊ ပန်း၊ ရေချမ်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မြတ်စွာဘုရားနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား “ဩကာသ" ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုအားဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

၎င်းနောက် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော် ဂေါပကရုံးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)