ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးနှင့် QR Code ဖြင့်စက်သုံးဆီ ရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဒဂုံဆိပ်ကမ်း မတ် ၁၅

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ ထပ်ခါထပ်ခါဖြည့်သွင်းမှုမရှိစေရေးနှင့် QR Code ဖြင့် စက်သုံးဆီရောင်းချမှုအခြေအနေများအား မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

လတ်တလောဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာစွာ သုံးစွဲရေးနှင့်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်၍ တာဝန်ရှိသူများက ပဲခူးမြစ်လမ်းရှိ  Farmer စက်သုံးဆီအရောင်းဆိုင်၊ BOC စက်သုံးဆီအရောင်းဆိုင်နှင့် ရွှေဗျိုင်းဖြူ စက်သုံးဆ်အရောင်းဆိုင်တို့တွင် နေ့စဉ်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု၊ ပြန်လည်ရောင်းချမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီပမာဏ ကန့်သတ်ရောင်းချမှုရှိ/မရှိ၊ ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဝယ်ယူမှု ရှိ/ မရှိနှင့် တရားမဝင်စက်သုံးဆီရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး၍ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် QR Codeဖြင့် စက်သုံးဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ အဆင်ပြေမှုရှိ/မရှိ မေးမြန်းကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)