ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ နမ့်တဘက်ချောင်းကူးတံတားသစ် ဖွင့်ပွဲတက်ရောက်

ကျောက်တလုံးကြီး မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်တဘက် ချောင်းကူးတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက် ၉ နာရီက ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောကြသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နမ့်တဘက်ချောင်းကူး သစ်သားတံတားသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဆောင်းရွှေနှင့် ဦးခွန်ကြည်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နမ့်ဗေးကျေးရွာဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ သစ်သားတံတားသစ်အား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ နမ့်တဘက်ချောင်းကူးသစ်သားတံတားသစ်(၁၂၀ ပေ x ၁၅ ပေ x ၁၈ ပေ)  အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေ သုံးရာ့သုံးဆယ့်သုံးသိန်းတစ်သောင်းကျပ် (၃၃၃၁၀၀၀၀/-) ကျေးရွာနေပြည်သူများနှင့် ဒေသခံတောင်သူများမှ ပူးပေါင်းထည့်ဝင်ငွေ ငါးရာ့ရှစ်ဆယ့်ကိုးသိန်း ငါးသောင်းကျပ် (၅၈၉၅၀၀၀၀/-) စုစုပေါင်း ကုန်ကျငွေ ကိုးရာ့နှစ်ဆယ့်နှစ်သိန်းခြောက်သောင်း ကျပ်(၉၂၂၆၀၀၀၀/-) ကျပ်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း