ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန၌ “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၁၅

စာအုပ်စာပေများကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် စာရေးဆရာများပေါ်ပေါက်လာစေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) ရေးသားသည့် “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ (ညောင်ဦး)၊ နေပြည်တော် စာပေဝိုင်းနာယက၊ အမျိုးသားစာပေဆုရှင် အလင်္ကာကျော်စွာ ချစ်နိုင်(စိတ်ပညာ)၊ မြဝတီရုပ်သံတပ်မှူး ဒေါက်တာ အောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး)က အဖွင့်အမှာ စကားပြောကြားပြီး မိမိရေးသားခဲ့သည့် “ဆယ်စုကိုးလီ ကျော်ခဲ့ပြီ” စာအုပ် ကို လွတ်လပ်စွာ ဝေဖန်းဆွေးနွေးကြရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုကြပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) ရေးသားသည့် “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်အား နေပြည်တော် စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် များက မိမိတို့၏အတွေး၊ အမြင်၊ ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးဖလှယ်ခဲ့ကြပြီး စာအုပ်ပါ နောက်ခံဖြစ်ရပ်အကြောင်းအရာများမှ သိရှိလိုသည်များကို မေးမြန်းရာ စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး) ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ဒက္ခိဏ)