တောင်ကြီး မတ် ၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ပညာရေးမှူးနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓါတုဗေဒဘာသာရပ်၊ ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
တောင်ကြီးမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၁၀)ခုရှိပြီး ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုမည့် ကျောင်းသားကျောင်းသူစာရင်းရှိ (၄၁၄၁)ဦး၊ ဖြေဆိုသူ(၃၉၈၇)ဦး၊ ပျက်ကွက်(၁၅၄)ဦးရှိပြီး စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်း (၉၆.၃%)ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ လူငယ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်းကို သန့်ရှင်းသပ်ရပ်စွာနှင့် စနစ်တကျရှိစေရန် အားကစားကွင်းပတ်လည်ကို ခြံစည်းရိုးကာရံပေးရန်လိုအပ်ပါကြောင်း၊ အားကစားကွင်းအတွင်း မလိုလားအပ်သည့်ပစ္စည်းများ ဖယ်ရှာပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မင်္ဂဦးရပ်ကွက်ရှိ လူငယ်အားကစားကွင်းသည် လူငယ်များမှဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများကို လာရောက်လေ့ကျင့်ကစားကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မင်္ဂလာဦးရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာအားလည်းကောင်း၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအပြင်ဘက်နှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့ နေရာများအား လည်းကောင်းကြည့်ရစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး တိုက်ခြောက် လုံးဝန်ထမ်းအိမ်ရာအားကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ရာဝင်းအတွင်း၊ အပြင် ရေနုတ်မြောင်းနေရာများတွင် ချုံနွယ်၊ မြက်များသန့်ရှင်းရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်လွှတ်တော်သို့ သွားရောက်ကာ မကြာမည်ကျင်းပတော့မည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းဝေးသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့်လွှတ်တော်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ရှိ ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လွှတ်တော် ကျင်းပမည့်အစည်းအဝေးခန်းမကိုလည်းကောင်း၊ ကျန်းမာရေးဆေးခန်းကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုမည့်ဧည့်ရိပ်သာ ပြင်ဆင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြား ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၇ ခု၊ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေး ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)