ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ရန်ကုန် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခု တို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းCMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Plush Toy  အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊  စက္ကူအခြေခံ ထုတ်ပိုးပစ္စည်း အမျိုးမျိုး ပုံနှိပ်၍ထုတ်လုပ်ပြီး ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်းလုပ်ငန်း၊ Contract Manufacturing Processing (CMP) စနစ် ဖြင့် Bra Cup များ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ခြင်းလုပ်ငန်းတို့ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄,၇၉၂.၃၂၆ သန်း (ကျပ် လေးထောင်ခုနစ်ရာ ကိုးဆယ့်နှစ် ဒဿမ သုံးနှစ်ခြောက်သန်း)နှင့် အမေရိကန်‌ဒေါ်လာ ၉.၅၅၁ သန်း (အမေရိကန် ဒေါ်လာ ကိုး ဒဿမ ငါးငါး တစ်သန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း (၃,၂၀၃) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်မည့်လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၁) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း(၄၂)ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိ ကန် ဒေါ်လာ ၇၁.၅၃၉ သန်း (အမေရိကန်ဒေါ်လာ ခုနစ်ဆယ့်တစ် ဒဿမ ငါးသုံးကိုး သန်း)၊ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၄)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၉,၄၄၇.၂၁၈ သန်း (ကျပ် လေးသောင်း ကိုးထောင် လေးရာလေးဆယ့်ခုနစ် ဒဿမ နှစ်တစ်ရှစ်သန်း) တို့ကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း  (၃၈,၄၃၁)ဦး အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၀၉)ခု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါ အဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၅၅.၆၉၅ သန်း (အမေရိကန်ဒေါ်လာ သုံးရာ ငါးဆယ့်ငါးဒဿမ ခြောက်ကိုးငါးသန်း)၊ မြန်မာနိုင်ငံသား ရင်းနှီမြှုပ်နှံမှုလုပ်ငန်းပေါင်း (၆၉)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် ၁၇၃,၂၆၃.၉၀၁ သန်း (ကျပ် တစ်သိန်း ခုနစ်သောင်း သုံးထောင် နှစ်ရာ ခြောက်ဆယ့်သုံး ဒဿမ ကိုး သုညတစ်သန်း) တို့ကို ခွင့်ပြုပေးခဲ့ပြီး  အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၁၇၆,၇၉၀)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများမှာ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)