ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ ညီနောင် အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်​ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် ထုတ်ပြန်ထားသည့်“ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများအနေဖြင့် အရည်အသွေးမြင့်မား၍ ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်စည်များ သုံးစွဲနိုင်ရေး၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် စီးပွားရေးကျင့်ဝတ်နှင့် အညီလုပ်ဆောင်ခြင်း၊ အဖွဲ့အစည်းများ အနေဖြင့်လည်း လိုအပ်သည့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်စေခြင်း ကြောင့် စားသုံးသူပြည်သူများ၏ နေ့စဉ် လူနေမှုဘဝတွင် ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံစိတ်ချရမှုရှိသော ထုတ်ကုန်များကိုသာ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းခြင်းများ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင့်ဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ် ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု Video Clip ပြသကာ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဂုဏ်ပြုတေးသရုပ်ဖော်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ 

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြသထားသည့် စားသုံးသူအသိပညာပေးပြခန်းကို လှည့်လည်ကြည်ရူ့အားပေးကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)