ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး နမ့်စန်မြို့ အ.ထ.က(နမ့်စန်)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး

နမ့်စန်(တ) မတ် ၁၅

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်လုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် စာစစ်ဌာန (၂)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိပြီး ယနေ့စတုတ္ထနေ့အဖြစ် ဓာတုဗေဒ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က(နမ့်စန်) စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် အထက(နမ့်စန်)စာစစ်ဌာန၌ ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ယာဉ်များနှင့် စက်သံများ ဆူညံမှု မရှိစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ စာဖြေဆောင်အလိုက် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းသာယာ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံစွာဖြင့် စာဖြေနိုင်ရေး စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဓာတုဗေဒဘာသာရပ်)ကို ယနေ့ နံနက် ၉ နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အ.ထ.က (ခိုလမ်)စာစစ်ဌာန(၂)ခုတို့၌ ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၄၇၈ ဦးတွင် လာရောက်ဖြေဆိုသူ ၄၆၃ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၁၅ ဦး ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)