မြစ်ကြီးနား မတ် ၁၄
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနစုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမနန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ အေးချမ်းစွာကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ မော်တော်ဆိုင်ကယ်ဖြင့်လာရောက်သည့် ကျောင်းသား/ ကျောင်းသူများအား ဘေးကင်းလုံခြုံစွာ လာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စစ်ဆေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား နှုတ်ဆက်အားပေးခဲ့ကြကာ ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် စာဖြေနိုင်ရေး စနစ်တကျကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ စာမေးပွဲကြီးကြပ်ရေးမှူးရုံးခန်း၌ တာဝန်ကျ ဆရာ/ ဆရာမများနှင့်တွေ့ဆုံကာ စာမေးပွဲလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးအဖွဲ့တို့ကို လိုက်လံအားပေးခဲ့ကြပြီး အရေးပေါ်အခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုကြောင်း မှာကြားခဲ့ကာ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး စာစစ်ဌာနအတွင်းရှိ စာသင်ဆောင်များအတွင်း စာဖြေခန်းများဖွင့်လှစ်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးရေးအဖွဲ့နှင့် စာမေးပွဲကြီးကြပ်ရေးမှူးရုံးအဖွဲ့အား တွေ့ဆုံအားပေးကာ ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်ဆက်တစ်စပ်တည်း ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ညွှန်ကြားချက်များ၊ စံပြုလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာ မှုများအပေါ် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားစိစစ်ခွင့်ပြုနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ တက်ရောက်လာကြသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲ ထုတ်ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ၊ ပုံစံ(၇) ပျက်စီး/ ပျောက်ဆုံး လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ မြေယာမှုခင်းလုပ်ငန်းစာတွဲများ စုစုပေါင်းလုပ်ငန်းစာတွဲ (၂၈)တွဲတို့အား လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် ဧက ၃၀၀ အောက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်း များလျှောက်ထားမှုအတွက် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် လုပ်ငန်းစာတွဲများကို လည်း ကောင်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသော ကျောင်းသား/ ကျောင်းသူများ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့်အတူ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်စေသည့် အစားအစာမုန့်နှင့် ဖျော်ရည်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မရှင်၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သော ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ကမ်းထိန်းနံရံများ တည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ရာ ရေကာတာ၊ ရေတားတမံတည်ဆောက်ရေးနှင့် ရေလမ်းကြောင်းဖြောင့်ခြင်း လုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ယခုလို မိမိတို့မြို့အတွက်ရောက် လှူဒါန်းမှုများအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် အလှူရှင်များက ကမ်းထိန်းလုပ်ငန်းများ တည်ဆောက်နိုင်ရေးနှင့် မြစ်ကြောင်းရှင်းလင်းရေး လုပ်ငန်းများအတွက် အလှူငွေကျပ်စုစုပေါင်း ၁၂၆၉,၀၀၀,၀၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး အလှူရှင်များအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အဆိုပါ အစည်းအဝေးခန်းမ၌ Mobile ဖုန်းများတွင် CER စနစ်ဖြင့် မှတ်ပုံတင်အသုံးပြုနိုင်ရေးနှင့် စက်သုံးဆီချွေတာရေးအတွက် ယာဉ်အသွားအလာ ထိန်းသိမ်းသွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register-CEIR) အကြောင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို Power Point ဖြင့် လည်းကောင်း၊ အမှတ်(၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမင်းရန်ထွန်းက ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ စက်သုံးဆီနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှထုတ်ပြန်ကြေညာချက်များအပေါ် ကချင်ပြည်နယ်၌လည်း စက်သုံးဆီ ဖူလုံမှုရှိစေရေးနှင့် စက်သုံးဆီချွေတာရေးအတွက် ယာဉ်အသွားအလာ ထိန်းသိမ်းကြပ်မတ်ဆောင် ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ခွင့်ပြုထားသော ယာဉ်များမှအပ သတ်မှတ်ထားသည့်ရက်များတွင် စုံ/ မ ခွဲခြားသွားလာခွင့်ပြုသွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သိလိုသည်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)