ကျောက်ပန်းတောင်း မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်းက တပ်ဖွဲ့ဝင်များအတွင်း မီးဘေးလုံခြုံရေး ချမှတ်ထားသည့် စည်းကမ်းများကို အတိအကျလိုက်နာဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က ပူပြင်းခြောက်သွေ့သောကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာများ မီးလန့်မှုမီးလောင်မှု မဖြစ်ပွားစေရန်နှင့် အဆိုပါ မီးလောင်မှုမီးလန့်မှု ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ မြေကွက်လပ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံပြုနည်းနှင့် မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှု ငြှိမ်းသတ်နည်းများကို လက်တွေ့ပြသကြပြီး၊ ရဲတပ်ဖွဲ့မိသားစုများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ကြသည်။ ယင်းနောက် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မိသားစုဝင်များ၏ လိုင်းခန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်စစ်ဆေး၍ မြို့နယ်မီးသတ်ဦးစီးမှူးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ဇင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)