မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မွန်ပြည်နယ် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် (၂၀၂၆) ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁၄

မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်လေးများအနေဖြင့် အားကစားနည်းများကို အခြေခံကျနားလည်တတ်မြောက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အနေဖြင့်နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ အကျိုးရှိသည့် ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာများ အပြင် အခြား တတ်သင့်တတ်အပ်၊ သိသင့်သိအပ်သည့်အရွယ်နှင့် ကိုက်ညီသည့် အသိပညာများတိုးတက်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နွေရာသီအခြေခံ အားကစားသင်တန်းကို တက်ရောက်ကြတဲ့ လူငယ်/ လူရွယ်များအားလုံး ဒီသင်တန်းမှရရှိခဲ့တဲ့ အားကစားနည်းအလိုက် နည်းပညာကောင်းတွေကို ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန်၊ ထူးချွန်တဲ့အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ ၊ လုံ့လ ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံကြိုးစားကြရင်း မွန်ပြည်နယ် ဂုဏ်ဆောင်နိုင်သူများဖြစ်လာအောင် ကြိုးစားလေ့ကျင့်သွားကြပါလို့ တိုက်တွန်း,လိုကြောင်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအခြေခံအားကစားသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း သင်တန်းကြီးကြပ်၊ နည်းပြများအား ဂုဏ်ပြုဆုငွေများလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများမှ ကရာတေးအားကစားနည်း၊ မြန်မာသိုင်းစွမ်းရည် သရုပ်ပြသ‌နေမှု၊ ကရာတေးအားကစားနည်းနှင့် Fitness Danceသရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအခြေခံအားကစားသင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားနည်း (၁၁) မျိုးဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူ (၅၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)