မော်လမြိုင်မြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(Central Equipment Identity Register- CEIR)အကြောင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် မတ်လ ၁၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR) အကြောင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့်ကိုက်ညီစစ်မှန်သည့် နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကိုပြည်တွင်းတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR) အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက အခွန်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါအခွန်ဆိုင်ရာရှင်းလင်းပွဲအခမ်းအနားသို့  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ စုစုပေါင်း(၁၄၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

စည်သူ(ပြန်/ဆက်)