ဇမ္ဗူသီရိမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(CEIR)အကြောင်း သိကောင်းစရာနှင့်အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်း

ဇမ္ဗူသီရိ မတ် ၁၄

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(CEIR)အကြောင်း သိကောင်းစရာနှင့်အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ သီရိ(၅) မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးလှငွေက (CEIR) စနစ်အသုံးပြုခြင်းအားဖြင့် တင်သွင်းသူများအနေဖြင့် ကျသင့်အခွန်ကောက်များကို Online စနစ်အသုံးပြု၍ အလွယ်တကူ ပေးဆောင်တင်သွင်းနိုင်ခြင်း၊ အခွန်တိမ်းရှောင်မှုနှင့် တရားမဝင်တင်သွင်းခြင်းမှ တားဆီးကာကွယ်နိုင်ခြင်း၊ အများပြည်သူများမှ မိုဘိုင်းလက်ကိုင်ဖုန်းအတုများဝယ်ယူမိခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ နိုင်ငံတော်သို့ဝင်ပေါက်အသီးသီးမှ တင်သွင်းလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI နံပါတ်များကို စိစစ်ပြီး မှန်ကန်မှအသုံးပြုခွင့်ပေးသည့်အတွက် လက်ကိုင်ဖုန်းဈေးကွက်များ၏ စစ်မှန်မှုနှင့်ယုံကြည်စိတ်ချရမှုမြှင့်တင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းများနှင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအား (CEIR) အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)