ပေါင်မြို့နယ်၌ ခွေးကိုက်ခံရခြင်းလျော့နည်းစေရေးနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွား၊ သေဆုံးမှုတို့မှ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင် မတ် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးကိုက်ခံရခြင်းလျော့နည်းစေရေးနှင့် ခွေးရူးပြန်ရောဂါဖြစ်ပွား၊ သေဆုံးမှုတို့မှကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အလုပ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းက ခွေးရူးပြန်ရောဂါအားနှိမ်နင်းရမည့်အချက်များကိုလည်းကောင်း၊‌ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းအောင် ဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း၊ ခွေးကိုက်ပြီးလျှင် ကာကွယ်ဆေးအကြိမ်ပြည့်အောင်ထိုးနှံဖို့လိုအပ်ပါကြောင်း၊ ဆေးမထိုးမီကျန်းမာရေးဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားဖို့လိုအပ်ပါကြောင်း၊ ခွေးကိုက်ခံရလျှင်မပေါ့ဆဘဲ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံဖို့လိုအပ်ပါကြောင်း၊ ခွေးများသာမက ကြောင်ကိုက်လျှင်လဲ ကာကွယ်ဆေးထိုးနှံဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ခွေးရူးပြန်ရောဂါနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများအားလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က ကာကွယ်ဆေးများရရှိလာပါက‌ ခွေးရူးရောဂါအဖြစ်များသော ဇင်းကျိုက်နှင့် ဖလပ်ရပ်ကွက်များတွင် အဓိကထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုင်တွယ်ရခက်မည့်ခွေးများကို ပရဟိတအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းကအသိပညာ‌ပေးဟောပြောပွဲများ တိုးချဲ့‌ဆောင်ရွက်သွားဖို့လိုအပ်‌ကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)