မြစ်ကြီးနား မတ် ၁၂
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန စုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ အေးချမ်းစွာ ကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား အာဟာရများ ကျွေးမွေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်သည့် ကျောင်းသား/ကျောင်းသူများအား ဘေးကင်းလုံခြုံစွာလာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စစ်ဆေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား နှုတ်ဆက်အားပေးခဲ့ကြကာ ကျောင်းသား/ကျောင်းသူများ ဘေးန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် စာဖြေနိုင်ရေး စနစ်တကျ ကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ စာမေးပွဲကြီးကြပ်ရေးမှူးရုံးခန်း၌ ကြီးကြပ်ရေးဆရာ/ဆရာမများနှင့် တွေ့ဆုံကာ စာမေးပွဲလုပ်ငန်းစဉ်များနှင့် အညီဆောင်ရွက်နေမှုအခြေအနေများနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးရေးအဖွဲ့တို့ကို လိုက်လံအားပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် ဆေးဝါးပစ္စည်းများ၊ အလုံအလောက်စုစောင်းထားရှိရေးနှင့် အရေးပေါ် အခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုကြောင်းမှာကြားခဲ့ကာ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး စာစစ်ဌာနအတွင်းရှိ စာသင်ဆောင်များအတွင်း စာဖြေခန်းများဖွင့်လှစ်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် အဆိုပါ ကျောင်းအပါအဝင် အ.ထ.က(ခွဲ)-ရွာမကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများဖြစ်သည့် မြစ်ကြီးနားစတား၊ ရွှေပြည်သစ်၊ ဟေရှဏ္ဏ၊ LLK ကျောင်းတို့မှ Grade-12 ကျောင်းသား/ကျောင်းသူများက စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်အားအေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရေးအဖွဲ့နှင့် စာမေးပွဲကြီးကြပ်ရေးမှူးရုံးအဖွဲ့တို့က စာမေးပွဲလုပ်ငန်းစဉ်များအတိုင်း ကြပ်မတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ခဲ့ကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ အင်္ဂလိပ်စာဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသော အဆိုပါကျောင်းအပါအဝင် အ.ထ.က(နန့်ပေါင်)၊ အ.ထ.က (ပမ္မတီး)၊ အ.ထ.က(ခွဲ)ရှမ်းရွာ၊ အ.ထ.က(ခွဲ) ခလရ(၃၇)၊ အ.ထ.က(ခွဲ) ရှဒေါင်(၁)တို့မှ ကျောင်းသား/ ကျောင်းသူများ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့်အတူ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်စေသည့် အစားအစာမုန့် နှင့် ဖျော်ရေဘူးများကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း စာစစ်ဌာန (၂၃)ခုဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ ၁၂၁၈၀ ဦးအနက် အတွင်းနှင့် အပြင်ဖြေဆိုသူ ဦးရေ စုစုပေါင်း ၁၁၆၂ ဦးရှိကာ ရာခိုင်နှုန်းအနေဖြင့် ၉၅ ဒဿမ ၅၀ ရာခိုင်နှုန်းရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ပြည်နယ်အတွင်းရှိ စာစစ်ဌာန (၃)ခု၌ ယနေ့ စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ၊ သီးနှံထုတ်လုပ်ရေး(၁)နှင့် ကြက်မွေးမြူရေး ဘာသာရပ်ကို စာရင်းရှိဦးရေ စုစုပေါင်း (၂၀၀)ဦးတွင် ၂၀၀ ဦးလုံးဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်