မိုင်းနောင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့မှ ရန်ကုန်တိုင်းဒေသအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်ဖောင်ကြီးစင်တာသို့ (၃.၁၂.၂၀၂၀ မှ ၁၀.၁.၂၀၂၁) ရက်နေ့ထိ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသော စေတနာ့လုပ်အားရှင် ကျန်းမာရေး ဝန်ထမ်းများဖြစ်သည့် ကျေးသီးမြို့နယ် ပြည်သူ့ ဆေးရုံမှ သူနာပြု စိုင်းရွက်ခေးနှင့် မိုင်းနောင်တိုက်နယ်ဆေးရုံမှ သူနာပြု နန်းခမ်းဝမ်း၊ နန်းဆိုင်မွမ်းတို့အား ယမန်နေ့ ညနေ (၅)နာရီ အချိန်က လဲချား၊ မိုင်းနောင်၊ ကျေးသီးလမ်းဆုံတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
စေတနာ့လုပ်အားရှင်များ ဖြစ်သည့် စိုင်းရွက်ခေး၊ နန်းခမ်းဝမ်း၊ နန်းဆိုင်မွန်း တို့အား မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိုင်းနောင်ဒေသ နမ့်ခုံးရှမ်းများ ပရဟိ တဖောင်ဒေးရှင်း (ဗဟိုအသင်းခွဲ)မှ အသင်းဝင်များ၊ ဒေသခံပြည်သူများက ပန်းစည်းများ၊ လက်ဆောင်ပစ္စည်းများ တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းသုံးဦးသည် တာဝန်များ ထမ်းဆောင်ပြီး တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT ဖြင့် စစ်ဆေးရာ စစ်ဆေးချက်အဖြေ COVID -19 Negative အဖြေထွက်ရှိပြီး အဆိုပါ(၃)ဦးကို ဆေးရုံဝန်ထမ်းအိမ်ရာတွင် Home Quarantine (၁)ပတ် နေထိုင်စေမည် ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျန်းမာရေး ဝန်ထမ်းများသည် စေတနာ့ဝန်ထမ်းအဖြစ် (၆)ကြိမ်မြောက် သွားရောက် တာဝန် ထမ်းဆောင်ခြင်း ဖြစ်ပြီး စုစုပေါင်း(၂၀)ဦး သွားရောက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင် (ပြန်/ဆက်)