မူဆယ် မတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်ခြင်းကို မိုးလုံလေလုံအားကစားရုံနှင့် အဆင့်မြင့်တင်းနစ်အားကစားကွင်းတို့တွင် မတ်လ ၁၀ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်သည်၊၊
အဆိုပါ အားကစားသင်တန်းများတွင် ကြက်တောင်ရိုက်၊ တင်းနစ်၊ စစ်တုရင်၊ ကရာတေးနှင့် ကာယဗလအားကစားနည်းများပါဝင်ပြီး၊ စုစုပေါင်းသင်တန်းသား ၃၅၀ ဦးကျော်အား သင်တန်းကာလ မတ်လ ၁၀ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ သင်တန်းနည်းပြများမှကြီးကြပ်၍ (အခမဲ့)ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)