မော်လမြိုင် မတ်လ ၁၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်အခွန်ဦးစီးဌာန မှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR )အကြောင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံအတွင်းမှာအသုံးပြုရန် ပြည်ပမှတင်သွင်းလာတဲ့မိုဘိုင်းဖုန်းများ၊ ပြည်တွင်းမှာထုတ်လုပ်ပြီး ရောင်းချမည့် မိုဘိုင်း လက်ကိုင်ဖုန်းများနှင့် International Mobile Equipment Identity (IMEI Code)ပါ မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းများကို တရားမဝင်တင်သွင်းမှုများမှ တားဆီးနိုင်ရန်နှင့် အခွန်အပြည့်အဝကောက်ခံရရှိရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသုံးချဆောင်ရွက်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်(CEIR)စနစ်အကြောင်းနှင့်ပတ်သက်ပြီး ဘယ်သူနှင့်သက်ဆိုင်မှု၊ဆောင်ရွက်လို့ရမှု၊ အကျိုးကျေးဇူးများအကြောင်းအရာကိစ္စရပ်တွေကို သက်ဆိုင်ရာပြည်နယ်ဦးစီးမှူးများမှ ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ကြောင်း၊ မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူများအနေဖြင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်သော အခွန်အကောက်များပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင်စိတ်ချ ယုံကြည်စွာအသုံးပြုနိုင်ရေးအတွက် ပြည်သူများသိရှိအောင် ရှင်းလင်းသွားမှာ ဖြစ်သလို ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများလည်း သိရှိစေရေး ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ မရှင်းလင်းသည့်ကိစ္စရပ်များရှိပါကလည်း ရှင်းလင်းဆွေးနွေးပွဲအပြီးမှာ ပြန်လည်မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့်ကိုက်ညီစစ်မှန်သည့် နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင်စိတ်ချယုံကြည်စွာအသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR ) အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)