နမ့်စန်(တ) မတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီခွဲ က အမှတ် (၂) ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်လင်းတို့က အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (လွိုင်လင်မြို့) မှ ရဲအုပ်ဝေဖြိုးမောင်နှင့် ဒုတိယရဲအုပ် ကျော်ဇေယျတို့က လူကုန်ကူးမှုပြဿနာနှင့်နောက်ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံနှင့်လူကုန်ကူးမှုအခြေအနေ၊ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခိုခြင်း၊ လူကုန်ကူးခြင်း၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတို့ကို အသိပညာပေးဟောပြောခဲ့ပြီး လူမှုကွန်ရက်များရှိ အလုပ်အကိုင်ကြော်ငြာတုများ၏လိမ်လည်ခြင်း မခံရစေရေးတို့ကို အသိပေးပြောကြားခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)