တောင်ကြီးမြို့၌ Fuel Control System စနစ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

တောင်ကြီး မတ် ၁၂

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ Fuel Control System စနစ်အသုံးပြုနည်းသင်တန်းအား တောင်ကြီးမြို့၊ BOCဆီဆိုင်၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးသည်။

ဦးစွာ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီများ အလေအလွင့်မရှိအောင် ထိန်းချုပ်နိုင်ရန်နှင့် လိုအပ်သည့်အခါ စက်သုံးဆီများလွယ်ကူလျင်မြန်စွာ ဖြည့်တင်းနိုင်ရန်အတွက် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Nanolabs ကုမ္ပဏီမှ ဒါရိုက်တာ စိုးထက်ကျော်က Fuel Control System စနစ်အသုံးပြုနည်းအား အကျယ်တဝံ့ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများ၊ လုပ်ငန်းရှင်များက သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Fuel  Control System စနစ်အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ပြိုင်နက်စတင်အသုံးပြုသွားမည်ဖြစ်ရာ ယာဉ်အမှတ်များအား စုံ/မ စနစ်အတိုင်း QR စနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ သင်တန်းသား သင်တန်းသူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)