ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် စော်ဘွားစျေးနေ့(ခေါ်) စျေးဟောင်းနေ့လာရောက်လည်ပတ်သူများဖြင့် စည်ကား

ကျိုင်းတုံ မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင်တစ်ရက်သာကျင်းပသော  စော်ဘွားဈေးနေ့/ စျေးဟောင်းနေ့ကို မတ် ၁၀ ရက်က ပါလျှံမြို့ရိုးတံခါးအနီး၊ စော်ဘွားအုတ်ဂူဟောင်းရှေ့၊ လွိုင်မွေလမ်း၊ ဈေးတန်းကြီးလမ်းနှင့် စျေးတန်းလေး လမ်းဘေးဝဲ၊ ယာတစ်လျှောက်တို့တွင် ခင်းကျင်းရောင်းချကျရာ လာရောက်လည်ပတ်သူများ၊ ဈေးရောင်းချသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စော်ဘွားဈေးနေ့(ခေါ်) စျေးဟောင်းနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရပ်နီးရပ်ဝေးမှ လာရောက်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးကြသူများဖြင့် အထူးစည်ကားပြီး ဈေးသို့လာ‌ရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုးများမြှပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ပသကြသည်။

ရှမ်းတိုင်းရင်းသားများ၏ ရှေးဓလေ့ထုံးတမ်းအစဉ်အလာမပျက် တစ်နှစ်လျှင် တစ်ရက်သာ‌ ရောင်းချလေ့ရှိသည့် စော်ဘွားဈေး(ခေါ်) စျေးဟောင်းနေ့သို့ လာရောက်သူအားလုံးသည် ကောင်းသောမင်္ဂလာနှင့်ပြည့်စုံပြီး ၎င်းဈေးတွင်ရောင်းချသောပစ္စည်းကို ဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကောင်းမွန်သည်ဟုယူဆကာ မြို့သူ၊ မြို့သားများနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဧည့်သည်များနှင့်ကလေးမှစ၍ သက်ကြီးရွယ်အိုများအထိ လာရောက်လည်ပတ်၍ ဈေးဝယ်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)