ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ ပြည်သူလူထုများအား အသိပညာပေးဟောပြော

ပင်လောင်း မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူလူထုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း‌ကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးမိုးနိုင်က သစ်တောထိန်းသိမ်းရေးနှင့် တောမီးရှို့ခြင်းမှ ကြုံတွေ့နိုင်သည့် ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ပလတ်စတစ်ညစ်ညမ်းမှု၏ဆိုးကျိုးများနှင့် ဖြေရှင်းရမည့်နည်းလမ်း၊ လျှော့ချသုံးစွဲခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်းအကြောင်းများကိုလည်း‌ကောင်း အသီးသီးဟောပြောကြသည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူလူထုများကို သက်ဆိုင်ရာဌာနများမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)