ပုသိမ်ကြီးမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သည့် အဆောက်အဦများအတွက် ထောက်ပံ့ငွေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့

ပုသိမ်ကြီး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်‌မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအတွက် ထောက်ပံ့ငွေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက ပုသိမ်ကြီးမြို့ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက ငလျင်ထောက်ပံ့ငွေနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ငလျင်ဘေးသင့် ပြည်သူများအားထောက်ပံ့ငွေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်သည်။ ပုသိမ်ကြီးမြို့နယ်တွင် ငလျင်ဘေးသင့် တစ်စိတ်တစ်ပိုင်း အိမ်ခြေအရေအတွက် ၈၇၅ အိမ်၊ လုံးဝပျက်စီးအိမ်ခြေ ၁၇၂ အိမ်၊ စုစုပေါင်း ၁၀၄၇ အိမ်အတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်