ရန်ကင်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကင်းလမ်းမကြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်၀င်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုသည့်နေ့တွင် စာရင်းရှိ ကျောင်းသား (၁၇၄) ဦး၊ ကျောင်းသူ (၂၂၄) ဦး စုစုပေါင်း (၃၉၈) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသည့် ကျောင်းသား (၁၆၅) ဦး၊ ကျောင်းသူ (၂၁၈) ဦး စုစုပေါင်း (၃၈၃) ဦးရှိပြီး ပျက်ကွက် ကျောင်းသား (၉) ဦး ၊ ကျောင်းသူ (၆) ဦး စုစုပေါင်း (၁၅) ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၂၃ ရှိပြီး ပျက်ကွက်မှု ၃.၇၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်၀င်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေမှုအား သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့၀င်များ၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ဖြေဆိုနိုင်ရန်နှင့်လုံခြုံမှုရှိစေရန် အတွင်းစီး၊ အပြင်စီး လုံခြုံရေးအခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အားပေးစကားများ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ရဲလေး (ပြန်ဆက်)