ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပျော်ဘွယ် မတ် ၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက် နံနက်(၉)နာရီမှစတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန(၉)ခုဖြစ်သည့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စာဖြေဌာန ၂ ခု၊ အ.ထ.က(ယင်းတော်)၊ အ.ထ.က(ရန်အောင်)၊ အ.ထ.က (အရှေ့ လျှော်ဖြူကုန်း)၊ အ.ထ.က တောင်ညောင်ကုန်း(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က(ရွာသစ် အနောက်)၊ အ.ထ.က(မြောက်ညောင်ကုန်း)တို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၁၀၁၆)ဦးနှင့်ကျောင်းသူ(၁၄၆၁)ဦး၊ စုစုပေါင်း(၂၄၇၇)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား(၉၇၆)ဦးနှင့် ကျောင်းသူ (၁၄၂၈)ဦး၊ စုစုပေါင်း(၂၄၀၄)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၄၀)ဦးနှင့် ကျောင်းသူ(၃၃)ဦး၊ စုစုပေါင်း (၇၃)ဦးရှိကြောင်း‌ မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ပူးပေါင်း၍ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)