လားရှိုးမြို့သို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေကြသည့် ဟိုပန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်

လားရှိုး မတ် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်‌ အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် “ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှ ရောက်ရှိနေကြသည့် အ.ထ.က (ဟိုပန်)၊ အ.ထ.က (ခွဲ) ရွှေဝါနှင့် အ.ထ.က (ခွဲ) ပန်ကောက်တို့မှ ကျောင်းသား ၂၇ ဦး၊ ကျောင်းသူ ၄၂ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၉ ဦးတို့အတွက် နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အာဟာရမုန့်နှင့် ကော်ဖီထုပ်များအား  ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက  ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စာမေးပွဲကာလအတွင်း ကျန်းမာရေးကို အထူးအလေးထားဂရုစိုက်နေထိုင်ကြရန်မှာကြားကာ နေထိုင်စားသောက်ရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လျှပ်စစ်မီးရရှိရေး‌ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)