နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး လမ်းဘေးဝဲ/ယာတွင် ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာအထိ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရေမြောင်းတူးဖော်နေမှုအား သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျတူးဖော်ရေး၊ ရေနုတ်မြောင်းကြမ်ခင်း အနိမ့်အမြင့် Level စနစ်တကျ တိုင်းတာဆောင်ရွက်ရေး၊ Box Culvert များ စနစ်တကျဆောင်ရွက်ရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိ‌စေရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ရှောင်လမ်းမကြီးသို့ သွားရောက်ပြီး လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ လမ်းလယ်ကျွန်းမြက်ခင်းပြင်များ စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး  ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှုအ‌ခြေအနေများ၊ Cement grouting: Soil stabilization : ဆောင်ရွက်နေမှုများ၊ မူလရင်ပြင်တော်ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၌ ယာယီမြေသားလမ်း ပြုလုပ်ခြင်းလုပ်ငန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်း၊ Void Filling ပြုလုပ်ခြင်းလုပ်ငန်းအနေဖြင့် ၉၀ ရာခိုင်နှုန်း၊ စေတီတော်ဘေးပတ်လည် Soil Reinforcement ပြုလုပ်ခြင်းလုပ်ငန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ရင်ပြင်တော်ပတ်ပတ်လည် Cement Grouting ထိုးခြင်းလုပ်ငန်းအနေဖြင့် ၉၇ ရာခိုင်နှုန်း၊ စေတီတော်ရင်ပြင် အက်ကြောင်းများပြုပြင်ခြင်းလုပ်ငန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စေတီတော်လိုဏ်အတွင်း တိုင်များပြုပြင်ခြင်းလုပ်ငန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်း၊ လိုဏ်ဂူအတွင်း အက်ကွဲကြောင်းများပြုပြင်ခြင်းလုပ်ငန်းအနေဖြင့် ၉၆ ဒသမ ၁ ရာခိုင်နှုန်း၊ စေတီတော်လိုဏ်အတွင်း စကျင်ကျောက်ပန်းချီများပြုပြင်ခြင်းနှင့် ကျောက်စိမ်းပြားများပြုပြင်ခြင်းလုပ်ငန်းအနေဖြင့် ၉၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် စေတီတော်လိုဏ်ဂူအတွင်း Homogenous ကျောက်ပြားခင်းခြင်းလုပ်ငန်းအနေဖြင့် ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)