ကလောမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေး အလေးထားလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆောင်ရွက်

ကလော မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ က‌လောမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းကို သက်ဆိုင်သည့် ဌာနဆိုင်တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကလောမြို့မ‌ဈေးအနီးနှင့် ပြည်‌ထောင်စုလမ်းမကြီးတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကလောတပ်နယ်အရာရှိစစ်သည်များ၊ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲခွဲမှူးရုံး တောင်ကြီးကွတ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်ကလောမှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်မျိုးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့်  စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော‌ မော်တော်ယာဉ်၊‌‌ မော်တော်ဆိုင်ကယ်များကိုစစ်ဆေး၍ စုံရက်၊ မရက်ခွဲခြားမောင်းနှင်စေမည့် စနစ်အား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီ‌ချွေတာရေးလမ်းညွှန်ချက်များပါဝင်သည့် အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

၂၀၂၆ ခုနှစ် မတ်လ (၃)ရက်နှင့် (၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့အသိပေးကြေညာချက်အား မတ်လ(၇)ရက်မှ မတ်လ (၁၃) ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ အသိပညာပေးခြင်းကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် ယာဉ်မောင်းနှင်သူများကို မတ်လ(၁၄)ရက်မှစတင်၍ သက်ဆိုင်ရာဥပဒေညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)