ညောင်ရွှေမြို့၌ ၁၃၈၇-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်

ညောင်ရွှေ မတ် ၁၁

၁၃၈၇-ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတော်ကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ၊ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကိုစတင်ခဲ့ပြီး မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်ထူးဇော်က စာမေးပွဲဆိုင်ရာများ တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စာမေးပွဲအောင်မြင်စွာကျင်းပြုလုပ်နိုင်ရေးတို့ကို လျှောက်ထားတင်ပြပြီး အစည်းအဝေးသဘာပတိဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်များက ဩဝါဒအသီးသီး မြွက်ကြားခဲ့ကြသည်။

၎င်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့်  အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို (၂၃.၃.၂၀၂၆)ရက်နေ့မှ (၄.၄.၂၀၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ