တောင်ကြီး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ အတွေ့အကြုံရှိသော ဆရာ/ဆရာမများက သင်ကြားပို့ချသွားမှာဖြစ်သည့်အတွက် ကြိုးကြိုးစားစားလေ့လာ သင်ယူသွားကြရန်လိုပါကြောင်း၊ ပိတ်ရက်မရှိ သင်ယူကြရမှာဖြစ်သည့်အတွက် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရန်လိုပါကြောင်း၊ ထို့အပြင် သင်ကြားသည့် ဘာသာရပ်များကိုဆွေးနွေးခြင်း၊ ဆန်းစစ်ဖြေဆိုခြင်းများ ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် အထူးကြိုးစား၍ လေ့လာသင်ယူသွားကြပါရန် မှာကြားလိုပါကြောင်း၊ အခြေခံရုံးလုပ်ငန်းဘာသာရပ်များသည် သမဝါယမဦးစီးဌာန ဝန်ထမ်းများသာမက ဝန်ထမ်းတိုင်းအတွက် မဖြစ်မနေ တတ်မြောက်ရမည့် ပညာရပ်ဖြစ်သည့်အတွက် အထူးကြိုးစား၍ လေ့လာသင်ယူသွားကြရန် ထပ်လောင်းမှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေများနှင့် ဝန်ထမ်းကျင့်ဝတ်များကို ဝန်ထမ်းတိုင်းလိုက်နာကျင့်သုံးဆောင်ရွက်ရမည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်ဥပဒေနှင့် ကျင့်ဝတ်များကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးမှသာ မိမိတို့သည် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းတွေဖြစ်လာမှာဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း ကျန်းမာရေးကိုအထူးဂရုစိုက်၍ သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး ထူးခွန်ထက်မြက်သော သင်တန်းသား/သင်တန်းသူများဖြစ်အောင် ကြိုးစားကာ မိမိတို့ မိခင်ဌာနကို အကျိုးပြုနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် သင်ယူလေ့လာသွားကြရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်အထိ (၁၄)ရက်တိုင် ပိတ်ရက်မရှိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည့်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၁၆း၁၀ နာရီအထိ စာသင်ချိန် (၇)ချိန်ဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ သမဝါယမအသင်းဥပဒေ/နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ရုံးလုပ်ငန်းဘာသာရပ်တို့ကို သင်ကြားပေးသွားမည့်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)