သာကေတ ၂/မြောက်ရပ်ကွက်တွင် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

သာကေတ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ငွေလှရတနာဓမ္မစာပေသင်တန်းမှဆောင်ရွက်သည့် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ၂/မြောက်ရပ်ကွက်ထူပါရုံ ၂၃ လမ်းထိပ်ရှိ ဓမ္မစေတီနှင့် နှစ်ကျိပ်ရှစ်ဆူ ဗဟိုဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဓမ္မစေတီနှင့် နှစ်ကျိပ်ရှစ်ဆူဗဟိုဓမ္မာရုံ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ရပ်မိရပ်ဖ ဦးသောင်းအေးတို့က မုဒိတာစကားများ ပြောကြားခဲ့သည်။

ထို့နောက် ငွေလှရတနာဓမ္မစာပေသင်တန်းမှူး ဆရာမ ဒေါ်ခင်သန္တာဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာ၊ ဆရာမများက မိတ်ဆက်စကားပြောကြားပြီးနောက် သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သင်တန်းကို ဆက်လက်သင်ကြားခဲ့သည်။

အဆိုပါ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းကို ၂/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများဦးဆောင်၍ ဓမ္မစေတီနှင့် နှစ်ကျိပ်ရှစ်ဆူဗဟိုဓမ္မာရုံ ဂေါပကအဖွဲ့မှကြီးမှူးကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ငွေလှရတနာဓမ္မစာပေသင်တန်းမှ သင်တန်းမှူး ဆရာမဒေါ်ခင်သန္တာဦးနှင့် ဆရာ၊ ဆရာမ ၈ ဦးတို့က အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် မတ် ၁၆ ရက်နေ့အထိ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)